ပဲခူး ဇွန် ၉
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဒေသအဖြစ် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ဘက်စုံကဏ္ဍစုံအား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်ငူခရိုင်အတွင်း ဆက်စပ်သည့်မြို့နယ်များအားလုံး Smart City, Clean City and Clean City ဖြစ်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကားလမ်း၊ ရထားလမ်းဘေးဝဲယာ သစ်ပင်များစိုက်ပျိုးသွားရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေး အသက်မွေးပညာသင်တန်းများ ပိုမိုဖွင့်လှစ်ပေးသွားရန် ဖြစ်ကြောင်းနှင့် တောင်ငူဒေသအား ဘက်စုံကဏ္ဍစုံ အထူးဖွံ့ဖြိုးတိုးတက်စေရေး တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက တောင်ငူဒေသအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် တောင်ငူဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ် သုံးသပ်အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)