သာကေတ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် (၁၀/တောင်) ၁၃ ရပ်ကွက်၊ သန်လျင်တံတားအိမ်ယာဝင်း၊ ၇ စျေးလမ်း၊ လမ်းသွယ်(၃)ရှိ ရွှေစာရံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သာကေတမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သာသနဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တခေမိန္ဒ မထေရ်မြတ်အား ဇွန် ၇ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်၌ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဆင်ယင်ကျင်းပသည်။
ဦးစွာ ဆရာတော်ဘဒ္ဒန္တခေမိန္ဒအား ပူဇာသနပလ္လင်ထက်သို့ ပင့်ဆောင်သည်။ ယင်းနောက် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယအကျိုးတော်ဆောင်မင်းပြားဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်သံတွဲ ခရိုင်သာသနာရေးဦးစီးမှူး ဦးဖြိုးပြည့်စုံဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားလျောက်ထားကာ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက်ဂဏာစရိယဂုဏ်၊ ဂန္ထဓုရာဝဟဂုဏ်၊ ပရိယတ္တိဝိသာရဒဂုဏ်၊ သံဃဂဏာဝိရောဓနဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့် ရွှေစာရံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သာကေတမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်သာသနဓဇဓမ္မာစရိယဘဒ္ဒန္တခေမိန္ဒအားနိုင်ငံတော်မှဆက်ကပ်လှူဒါန်းသည့်မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူမှ ထပ်ဆင့်ဆက်ကပ်ပူဇော်ခဲ့သည်။ ဆက်လက်၍ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ပြည့်ဖြိုးဝင်း၊ ဂုဏဝိသိဋ္ဌပူဇာပင်မအလှူရှင် ဦးသိန်းထိုက်+ဒေါ်မိမိကြိုင် မိသားစု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒါယကာ၊ ဒါယိကာမများမှ ဆရာတော်အား ဂုဏပူဇာအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်ကုတ်မြို့ ကံပိုင်ဆရာတော်မှ သာယဏီယကထာနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့သည်။
ဆရာတော်ကို ၁၃၂၃ ခုနှစ် တပို့တွဲလပြည့်နေ့ ( တနင်္လါနေ့) တွင် တောင်ကုတ်ခရိုင် မအီမြို့နယ်၊ ပဒါအုပ်စု၊ ပေါက်အင်းရွာ၌ ခမည်းတော် ဦးမောင်လုံး+မယ်တော် ဒေါ်စောမှုံတို့မှ ဖွားမြင်တော်မူခဲ့ သည်။ ၁၃၈၈ ခုနှစ် တန်ခူးလဆန်း ၉ ရက်တွင် ပေါက်အင်းရွာ ဓမ္မမဉ္ဇူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမကို ဥပဇ္စျာယ်ပြုလျက် အစ်ကိုကြီးဖြစ်သူ ဦးကျော်စိန် + ဒေါ်မအုံးမြိုင်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၄၅ ခုနှစ် တန်ခူးလဆန်း ၁၁ ရက်တွင် တောင်ဥက္ကလာပမြို့နယ် ငွေကြာရံပရိယတ္တိစာသင်တိုက် သိလဝိသောဓနီခဏ္ဍသိမ်၌ ငွေကြာရံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တရေဝတကို ဥပဇ္စျာယ်ပြုလျက် ဦးလှဋ္ဌေး + ဒေါ်တင်နွယ်ဦး (မှန်ချိုဆေးတိုက်) တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ််သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ဆရာတော်သည် ပရိယတ္တိစာပေများကို သင်ယူခဲ့ပြီး ၁၃၇၇ ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့၊ ၁၃၈၇ ခုနှစ် ( ၄. ၁. ၂၀၂၆) တွင် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တိုကို နိုင်ငံတော်မှဆက်ကပ်လှူဒါန်းခဲ့ကာ ယခုအခါ သာကေတမြို့နယ် သံဃနာယအဖွဲ့အကျိုးတော်ဆောင်အဖြစ် သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဂုဏဝိသိဋ္ဌပူဇာသဘင်တွင် စုမြတ်ထက် မြန်မာမှုတေးဂီတအဖွဲ့က ရှစ်ဆယ်ပေါ် တေးထပ်များ၊ ရတုပိုဒ်စုံများဖြင့် ဂုဏ်ပြုပူဇော်သီဆိုခဲ့ကြပြီး ပင်မအလှူရှင် ဦးသိန်းထိုက် + ဒေါ်မိမိကြိုင်မိသားစုတို့က ပင့်သံဃာများ၊ ကျောင်းတိုက်ရှိ သံဃာကုန်အား နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ဧည့်ပရိသတ်များကို နံနက်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
သဲထက်ဇင်(ပြန်/ဆက်)