စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်း ဇွန် ၉

ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာစီမံကိန်း ၂၀၂၅-၂၀၂၉ ၏ ရည်မှန်းချက်ပန်းတိုင် ၄ အရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုအတွက် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဟူသည့် ရည်မှန်းချက်နှင့်အညီ စစ်ကိုင်းမြို့နယ် ဥပဒေရုံးမှကြီးမှူး၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စစ်ကိုင်းမြို့နယ်ဥပဒေအရာရှိ ဦးဇေယျာသိန်းထိုက်မှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး တက်ရောက်လာ ကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဥပဒေအရာရှိမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

နေလင်းအောင်