ရေတာရှည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း ကျင်းပသည့် ပန်းချီပြိုင်ပွဲတွင် အ-ထ-က ရေတာရှည်၊ ရွှေကြက်ယက်၊ ဆွာ၊ သာဂရ အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူ (၁၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများကြည့်ရှု အားပေးခဲ့ကြသည်။ ထို့နောက် ဆုရရှိသော ကျောင်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)