သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကျပ် (၂,၈၅၅,၁၀၀,၀၀၀) သိန်း ထုတ်ချေးပေးပြီး

သဲကုန်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများကို မေလ (၁၂)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ငွေကျပ် (၂,၈၅၅,၁၀၀,၀၀၀) သိန်း ထုတ်ချေးပေးပြီး ဖြစ်သည်။

သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၂ ရက်နေ့မှစတင်ထုတ်ချေးပေးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် အချိန်စေ့ကြွေးများအားလုံး ပြေကြေသူများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေရာနှုန်းပြည့် ပြေကြေသော ကျေးရွာအုပ်စုများကို  ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ရာ  မိုးစပါးတစ်ဧကလျှင် ငွေကျပ် (၃၀၀,၀၀၀) နှုန်း၊ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ယနေ့ထိ ကျေးရွာ(၁၆)အုပ်စုမှ တောင်သူ (၁၆၄၄) ဦး၏ လယ်ဧက  (၉၅၁၇)  ဧကအတွက် ချေးငွေကျပ် စုစုပေါင်း (၂,၈၅၅,၁၀၀,၀၀၀)သိန်းကို ထုတ်ချေးပေးပြီး ဖြစ်သည်။

သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)