အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြသ

ချောက် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  (၃၉)ကြိမ်‌မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြသခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ​ဒေါ်ဝင်းအိမွန်က​ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် မူးယစ်​ဆေးဝါးအမျိုးမျိုး၊ မူးယစ်​ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်​ဆေးဝါးအန္တရာယ်‌ကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်​ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူတို့လိုက်နာရမည့်စည်းကမ်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ‌ မြို့‌ပေါ်ရှိအခြေခံပညာ‌ကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၃၀)ဦးတို့က မိမိတို့‌ဖတ်မှတ်လေ့လာထားသည့် မူးယစ်​ဆေးဝါးအန္တရာယ်ဆိုင်ရာကဗျာများတို့ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်များဖြစ်ကြ‌သော စာရေးဆရာသိန်းမြင့်ညို (ချောက်)၊ မောင်ငြိမ်းအေး(မြစ်ခြေ)တို့က ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဆရာ၊ဆရာမ ကျောင်းသား/ကျောင်းသူများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်‌ဆေးအန္တရာယ်အသိပညာပေးကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဇွန်လ၂၆ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်‌နေ့တွင် ဆုများ‌ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)