မိုင်းပျဉ်းမြို့၌ MCCT အာဟာရ အသိပညာပေးသင်တန်းဖွင့်လှစ်ဆောင်ရွက်

မိုင်းပျဉ်း ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော MCCT အာဟာရအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က အဖွင့်အမှာစကား‌ပြောကြားသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်များအကြောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လူစီက MCCT ထောက်ပံ့ရခြင်းအကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ပပထိုက်က အာဟာရဆိုင်ရာအကြောင်းနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ကြီးကြပ်ရေးမှူး ဒေါ်တင်တင်မော်က MCCT ထောက်ပံ့ငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရမှုအခြေအနေများကို ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းသို့တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ သင်တန်းဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုံလင်စွာတက်ရောက်ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)