တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

မကွေး ဇွန်

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) စတင်ကျင်းပကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်းကြေညာသည်။ ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့က မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်ဦးရေ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၏ အမည်ပြင်ဆင်ခြင်းနှင့်လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့နှင့်စပ်လျဉ်းပြီး လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် တင်ပြဆွေးနွေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် ပခုက္ကူမဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂) ဦးခင်မောင်ညို အပါအဝင်အဖွဲ့ဝင်(၉)ဦးဖြင့် အစားထိုးပြင်ဆင်ဖွဲ့ဆည်း၍ လွှတ်တော်သို့တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ရပ်နားကာ အစည်းအဝေး(စတုတ္ထနေ့)ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။  

ကိုရဲ ( ပြန်/ဆက် )