ကျောက်တံခါးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်တံခါး ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အနောက်ရပ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ လူငယ်များ သိသင့်သိသင့်ထိုက်သည့် လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အကျင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက အသိပညာပေး ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)