တောင်တွင်းကြီး ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် (၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၄၅၁၈၉ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမများက “နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုပဲ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ကျောင်းသူများကို စနစ်တကျကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူဦးရေ ၄၅၁၈၉ ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း၊ အဆိုပါကျောင်းအပ်နှံပြီးသော ကျောင်းသား/ကျောင်းသူများသည် မိမိတို့သက်ဆိုင်ရာကျောင်းများတွင် စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း တောင်တွင်းကြီးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၅၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)၊ ဘုန်းတော်ကြီးပညာရေးကျောင်း(၃)၊ စုစုပေါင်း (၂၆၀)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၅၁၈၉)ဦး ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
နောင်နောင် (ဗိဿနိုးမြေ)