မော်လမြိုင်ကျွန်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးရဲကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်း၏အရေးပါမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီးနောက် အသက်(၁၀)နှစ် ပြည့်ပြီး ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များထုတ်ပေးနိုင်ရေးအတွက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများကလိုအပ်သော အချက်အလက်များစိစစ်ကောက်ယူ၍ နေချင်းပြီး အခမဲ့ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြပြီး ထုတ်ပေးပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ဆိုင်ရာ အထောက်အထားများ အချိန်မီရရှိနိုင်မည်ဖြစ်ပြီး ပညာရေးနှင့် အခြားလူမှုဘဝဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့်အဆိုပါ လုပ်ငန်းများကို အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများ၌ ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)