ကျွန်းစု ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၉ ရက် နံနက်ပိုင်းက ကျွန်းစုမြို့ စလွန်အော်ကျေးရွာရှိ မူလွန်ကျောင်းဝင်းအတွင်း သတ်မှတ်ကွင်းပြင်၌ ကျင်းပသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် သစ်တောစိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းခြင်းတို့တွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ပျဉ်းကတိုး အပင် ၁၀၀၊ မဟော်ဂနီ အပင် ၁၀၀၊ သင်္ကန်းပင် ၂၀၀၊ ခရေပင် ၂၀ စုစုပေါင်း ပျိုးပင် ၄၂၀ တို့အား သတ်မှတ်နေရာ၌ စုပေါင်းစိုက်ပျိုးသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးခင်စိုးနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်ကို သတ်မှတ်နေရာ၌ တက်ရောက်လာကြသူများက စုပေါင်းပါဝင်ကာ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ဒေသခံပြည်သူများအနေဖြင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနရုံး၌ ပျိုးပင်များအား အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)