ပန်းတောင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အုပ်ဖိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့မှ ကျေးရွာကော်မတီဝင်များနှင့်အတူ အုပ်ဖိုကျေးရွာ၌ ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှ့စစ်ဆေးကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မေသူစိုးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီး ကျေးရွာကွန်ကရစ်လမ်းအား အကျိုးရှိစွာ အသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ထိန်းသိမ်းကြရန်မှာကြားခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အုပ်ဖိုကျေးရွာ၌ အရှည် (၅၂၀) ပေ၊ အကျယ် (၈) ပေ၊ အမြင့် (၆) လက်မရှိသော ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူ ထုထည့်ဝင်ငွေကျပ် ၅ ဒဿမ ၃၁ သန်း၊ စုစုပေါင်းငွေကျပ် ၂၀ ဒဿမ ၃၁ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာ ကူညီမှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မေလ ၆ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအား လုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကြောင့် အုပ်ဖိုကျေးရွာရှိ အိမ်ခြေ (၂၅၅) အိမ်မှ လူဦးရေ (၆၉၉)ဦး တို့၏ သွားလာရေး လွယ်ကူနေပြီး ယခင်ကထက် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းဦးထံမှ သိရသည်။
လပြည့်လင်း (ပြန်/ဆက်)