ကျောက်ပန်တောင်းမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ရက်(၁၀၀) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအဖြစ်၊ ဦးစီးဌာနအောက်ရှိ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊  ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုတ်ကွေး ကြိုတင် ကာကွယ်ရေး အတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဇွန် ၉ ရက် နံနက် ၉ နာရီက မြို့မတောင်ရပ်ကွက် မူလတန်းကျောင်းတွင် ဆောင်ရွက်သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမီမီသက်ဦးဆောင်သည့် ကျောင်းကျန်းမာရေးဝန်ထမ်းများသည်၊ မြို့မတောင်မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအား၊ အရေပြားရောဂါစစ်ဆေးခြင်း၊ သွားရောဂါစစ်ဆေးခြင်းနှင့် မျက်စိကျန်းမာရေး အဝေးမှုန်/အနီးမှုန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ သွားနှုတ်ပေးခြင်းများဆောင်ရွက်ကြပြီး၊ သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းရှိ သောက်ရေကန်၊ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် Grade-3၊ Grade-4၊ Grade-5 ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းကျန်းမာရေး သူနာပြုဒေါ်တင်တင်အေးက အခြေခံကျန်းမာရေးဆိုင်ရာများ အသိပညာပေး ဟောပြောပြီး၊ ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများဆောင်ရွက်၍ အဖြေမှန်ဖြေဆိုနိုင်သူများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ မီမီသက်နှင့် ကျောင်း ကျန်းမာရေး ဝန်ထမ်းများက မြို့မတောင်မူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ ၁၃၅ ဦးတို့အားကျန်းမာရေး စစ်ဆေးကြပြီး အုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်နှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)