ရေတာရှည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများနှင့် (၃) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၏ နေအိမ်များနှင့် ဌာနဆိုင်ရာရုံးများတွင် ပန်းအိုးများ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် နေရာများအား ကြည့်ရှုစစ်ဆေးကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေတွင်းရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ရေတာရှည်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မေလမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)