တီးတိန် ဇန်နဝါရီ ၂၂
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့က ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းကျော်နှင့် တာဝန်ရှိသူတို့က တီးတိန်မြို့၊လေးလုမ်းရပ်ကွက်နှင့် မြို့မရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများနှင့် ပြဌာန်းထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရွေးချယ်နိုင်ရေး အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး မေးမြန်းချက်များကို ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့သည်။
အဆိုပါ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်း အမည်စာရင်းများကို ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ တင်ပြကြရန်ဖြစ်ပြီး ဖေဖော်ဝါရီလ ပထမပတ် မှ မတ်လ ပထမပတ်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အသစ်ရွေးချယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)