ပူတာအိုမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းစာရင်းဇယားများနှင့် Cash For Work စီမံကိန်းပြီးစီးမှုအား မြို့နယ်စာရင်းစစ်ရုံးမှ ကွင်းဆင်းစစ်ဆေး

ပူတာအို  ဇန်နဝါရီ  ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ ကော်မတီများ၏ စာရင်းဇယားများ၊ Cash For Work စီမံကိန်း ကျေးရွာ ကော်မတီများ၏ စာရင်းဇယားများနှင့် ကျေးရွာလူထု၏ လုပ်ငန်းအကောင်အထည်ဖော် ပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြို့နယ်စာရင်းစစ်ရုံးမှ သွား‌ရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း မြစိမ်းရောင် ကျေးရွာ စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း (၄၄၆)ဖြင့် နောင်ခိုင် ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၃၀)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၉)ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ (၉)ဦး၊ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်သူ(၁၇)ဦးတို့ကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် Cash For Work ကျေးရွာစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း(၁၀၀)စီဖြင့် မန်ပန်ကျေးရွာ ရွာတွင်း ရေနုတ်မြောင်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁၁)စင်း တည်ဆောက်ခြင်း၊ ဖန်ခိုင်(၁)ကျေးရွာ ရွာတွင်း ရေနုတ်မြောင်း ပြုပြင်ခြင်း၊ ဆထီလော်(၂)ကျေးရွာ ရွာပိုင်စားကျက်မြေ ခြံစည်းရိုးကာရံခြင်း၊ ဆထီလော် (၃)ကျေးရွာ ရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁)စင်း တည်ဆောက်ခြင်း၊ နမ်ရှယ်စွပ်ကျေးရွာ ကျောင်းခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ဇူလိုင်(၂၃)ရက် မှစတင် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ (၁၆)ရက်တွင် လုပ်ငန်းရာခိုင်နှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာစီမံကိန်း စာရင်းဇယားများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စာရင်းစစ်ရုံး ဦးစီးအရာရှိ ဒေါ်နီနီယဉ်နှင့် တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဌေးမြင့်နှင့် စီမံကိန်းတာ၀န်ခံများက လိုက်လံရှင်းလင်း ပြသပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)