မိုင်းယောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် စတင်

 

မိုင်းယောင်း မေ  ၂၄

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်ပတ် ပထမနေ့အဖြစ် မေ ၂၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ စတင်ကျင်းပရာ ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်အပ်နှံကြကြောင်း သိရသည်။

 

ကျောင်းအပ်နှံရေးသီတင်းပတ်တွင် လာရောက်အပ်နှံကြသည့် မိဘများနှင့် ကျောင်းသား ကျောင်းသူ များ သိရှိစေရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နံရံကပ်စာစောင်၊ အသိပေး ကြေညာချက် နံရံကပ်ပိုစတာများ၊ အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဆရာများ အထူးသတိပြုလိုက်နာရမည့် အချက်(၆)ချက်၊ ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကို ဗီနိုင်းပိုစတာကြီးများနှင့် ချိတ်ဆွဲပြသ ထားပြီး သက်ဆိုင်ရာအတန်း ဆရာ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျွန်တော်တို့ကျောင်းမှာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၄ ရက်ကနေ ၃၁ ရက်အထိ နံနက် နာရီကနေ ညနေ တာရီအတွင်း လက်ခံဆောင်ရွက်ပေးနေပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါကလည်း သက်ဆိုင်ရာ ဆရာ ဆရာမတွေက အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနေပါတယ်ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခုလို ကျောင်းသား ကျောင်းသူများအား ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ မကောက်ခံဘဲ ကျောင်းသုံးပြုဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask၊ Face Shield တွေကို အခမဲ့ ထုတ်ပေးခြင်းနဲ့ ကျောင်းအပ်နှံရာမှာ ငွေကြေးကုန်ကျမှု မရှိခြင်းတို့ကြောင့် ပညာရေး ဝန်ကြီးဌာနကို ကျောင်းဇူးတင်ရှိကြောင်း” ကျောင်းသားမိဘမိဘတစ်ဦးက ဝမ်းသာပီတိစကား ပြောကြားသည်။

 

အဆိုပါ ကျောင်းအပ်နှံခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဗိုလ်မှူးဇော်နိုင်လင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ ဒုတိယမြို့နယ်မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မိုင်းယောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)  ၃ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၉ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၆၅ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း စုစုပေါင်း ၈၂ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

စိုင်းအောင်ဇော်လင်း