မိုင်းဆတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/ သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်(၉)နာရီက စတင်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျောင်းအပ်နှံရန် လာသော မိဘအုပ်ထိန်းသူနှင့် ကျောင်းသား/သူများကို နှာခေါင်းစည်း(Mask)များ တပ်ဆင်လာစေခြင်း၊ ကျောင်းဝန်း အတွင်းမဝင်မီ တာဝန်ကျဆရာ၊ ဆရာမများက ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ဆေးဘေစင် များတွင် လက်ဆေးသန့်စင်စေပြီးမှသာ ကျောင်းအပ်နှံရေးဌာနသို့ သွားခွင့်ပြုခဲ့သည်။
ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူများအား တက်ရောက်မည့်အတန်းအလိုက် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ Face Shieldနှင့် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် (Mask)များကို (အခမဲ့) ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
မိုင်းဆတ်မြို့နယ်၌ အထက(၂)ကျောင်း၊ အထကခွဲ(၃)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ မူလွန်(၁၁)ကျောင်း၊ အမက(၅၂)ကျောင်းနှင့် အမကခွဲ(၁၇)ကျောင်းရှိပြီး မေလ (၂၄)ရက်နေ့မှစတင်ကာ မေလ(၃၁)ရက်နေ့ထိကျောင်းအပ်နှံခြင်းများကို လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြင့်မောင်(ပြန်/ဆက်)