ပွင့်ဖြူ မေ ၂၄
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေး အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့်ရရှိရေး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျောင်းဝန်း နယ်မြေလုံခြုံရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး စိတ်အေးချမ်း သာစွာ ပညာသင်ယူခွင့် ရရှိစေရေးအတွက် နိုင်ငံတော်မှ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေး ကိရိယာပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးခြင်းအပြင် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကိုလည်း အခမဲ့ ထောက်ပံ့ပေးထားကြောင်း သိရသည်။ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင် ရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ် မေ ၂၄ ရက်နေ့မှ စတင်ကာ (၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့အခြေခံပညာ အထက်တန်းကျောင်း၊ ကံသာကြီး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၊ ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကနီကျေးရွာအခြေခံပညာ အထက် တန်းကျောင်းခွဲ၊ မဒဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အင်းကုန်းကျေးရွာ အခြေခံ ပညာအလယ်တန်း ကျောင်းခွဲများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၀)ကျောင်း ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၁၇) ကျောင်း ၊ အခြေခံပညာ အလယ်တန်းကျောင်း(၅)ကျောင်း ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၂) ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၁၀၇) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၅)ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၅)ကျောင်း ၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း ၁၆၉ ကျောင်း ရှိကြောင်း သိရပြီး ဇွန်လ(၁)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)