ရိခေါ်ဒါရ် ဇွန် ၁၄
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit) ဖြင့် စစ်ဆေးခြင်းကို ဇွန် ၁၄ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၂ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း ၇ ရက်နေ့မြောက် စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၄၁)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၂)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရောဂါပိုး တွေ့ရှိသူ(၂)ဦးတို့အား မိမိတို့နေအိမ်အသီးသီး၌ အသွား အလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ရောဂါစစ်ဆေးမှုခံယူသူ (၇၁၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၁၁၁)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)