ရှင်ဗွေယန် ဇူလိုင် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ရပ်ကွက်(၃) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စတင်ဖွင့်လှစ် ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ရှင်ဗွေယန်မြို့အတွင်းတွင် အထကကျောင်း(၁)ကျောင်းနှင့် အမကကျောင်း (၇)ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ(၁)ရက်နေ့ ကျောင်းဖွင့်ချိန်တွင် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ ရှင်ဗွေယန်မြို့ ရပ်ကွက်(၃) အခြေခံပညာ မူလတန်းကျောင်းကို ရပ်ကွက်အတွင်းနေ မိဘပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် စတင်ဖွင့်လှစ် ပညာသင်ကြား ပေးလျက်ရှိပါသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းရပ်ကွက်(၃)ကျောင်းတွင် KG တန်းတွင်(၂၀)ဦး၊ ပထမတန်းတွင်(၂၁)ဦး၊ ဒုတိယတန်းတွင်(၁၇)ဦး၊ တတိယတန်းတွင် (၁၀)ဦး၊ စတုတ္ထတန်းတွင်(၁၃)ဦး စုစုပေါင်း ကျောင်းသားသူ (၈၁)ဦးတို့အား ဆရာ၊ ဆရာမ(၅)ဦးတို့ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)