တနိုင်း ဇူလိုင် ၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေးကို ယမန့်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် ကိုဗစ်-၁၉ ကိစ္စဟာရန်သူနဲ့ရင်ဆိုင်ပြီးတော့ တိုက်ပွဲဝင်နေရတဲ့ပုံစံဖြစ်သဖြင့် အလေးထားပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ သံသယရှိသူတွေကို RDT-Tastkit ဖြင့် စစ်ဆေးရန်လိုအပ်ပကြောင်း၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ပတ်သက်၍ အသိပညာပေး လုပ်ငန်စဉ်များကို ချပြပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပကြောင်း၊ ဘာသာရေးကိစ္စရပ်များ၊ ပွဲလမ်းသဘင်များနဲ့ ပတ်သက်ပြီး မဖြစ်မနေ လုပ်ရမယ် ကိစ္စရပ်များကို သတ်မှတ်ထားသည့် လူဦးရေ(၅၀)ထက်မပိုဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့ အညီလိုက်နာ ဆောင်ရွက်ရန်၊ ဒီတစ်ကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရောက်လာပါက စေတနာ့ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နေ့စဉ်ကားမောင်းမဲ့သူများအား ဦးစားပေးအဆင့် ဆေးထိုးရန်၊ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်မှ ကာကွယ်တားဆီး ထိန်းချုပ်မှုတွေ လုပ်နိုင်မှာဖြစ်ပါကြောင်းနှင့် ပြည်နယ်အတွင်းရေးမှူး၏ လမ်းညွှန်မှာကြားချက်များကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)