ဖလမ်း ဩဂုတ် ၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ယမန်နေ့က ဟားခါး-ဖလမ်း-ကလေးသွား လမ်းပေါ်ရှိ မြို့တွင်းလမ်း အပေါ်ဘက်ပိုင်း မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့၌ ယမန်နေန့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်က ဟားခါး-ဖလမ်း-ကလေးသွားလမ်း မြို့တွင်းလမ်း ကျင်မွာလ်ရပ်ကွက်၊ မိုင်တိုင်အမှတ် ၈၀/၂ နှင့် ၈၀/၃ ကြား၊ တလန်လိုရပ်ကွက် မိုင်တိုင်အမှတ် ၈၂/၁ နှင့် ၈၂/၃ ကြား ကားလမ်းမအပေါ်ဘက်ပိုင်းမိုးရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် လမ်းဦးစီးဌာနက JCB စက်ဖြင့် အချိန်နှင့်တပြေးညီ ဖယ်ရှားရှင်းလင်းခဲ့သည်။
မြေပြိုကျမှုနေရာသို့ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့် အဖွဲ့ဝင်များက မြေပြိုကျဖြစ်ပွားမှု အခြေအနေနှင့် မြေစာရှင်းလင်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြေပြိုကျမှုကြောင့် လူနေအိမ်များ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
ဖလမ်းမြို့နယ်တွင် မိုးရာသီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း တို့ကြောင့် မြေပြိုခြင်း၊ သစ်ပင်များ လဲကျခြင်းတို့ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဖလမ်းခရိုင်(ပြန်/ဆက်)