ပူတာအိုမြို့နယ် မုဒုံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေး

ပူတာအို စက်တင်ဘာ ၄

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့နယ်၊ ပူတောင်း ကျေးရွာအုပ်စု မုဒုံကျေးရွာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ချေးငွေများ ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ချေးငွေများ ထုတ်ချေးပေးရာတွင် ပူတာအိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့် ၀န်ထမ်းများက ကျေးရွာမြစိမ်းရောင် ကော်မတီ၀င်များအား ချေးငွေများထုတ် ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၇၁)ဦးအား (၂၁၉၅၀၀၀၀)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၄၄)ဦးအား (၁၁၇၅၀၀၀၀)သိန်း၊ အရောင်းအ၀ယ် လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးအား ငွေကျပ်(၇၈)သိန်း စုစုပေါင်း အသင်းသား(၁၂၁) ဦးအား ငွေကျပ်(၄၁၅)သိန်းကို သတ္တမအကြိမ်အနေဖြင့် ပြန်လည်ထုတ်ချေး ပေးခဲ့ခြင်းဖြစ်သည်။

" ကျွန်မတို့အပြင်မှာဆိုရင် တစ်ရာကျပ်မှာ အတိုးနှုန်းက ငါးကျပ်နဲ့ဆယ်ကျပ်ကြားမှာ အတိုးပေးပြီး ချေးရတော့ ကျွန်မတို့တောင်သူတွေက မတတ်နိုင်ဘူးလေ။ အခုမြစိမ်းရောင် စီမံကိန်းကနဲ့တော့ တစ်ရာကျပ်မှာ အတိုးနှုန်းက တစ်ကျပ် သက်သာတဲ့နှုန်းနဲ့ ဆိုတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်နဲ့ အသက်မွေး၀မ်းကျောင်း လုပ်ငန်းလုပ်ကိုင်လိုသူတွေ အတွက် အတိုးနှုန်း သက်သာတော့ ချေးရတာလည်း အဆင်ပြေပါတယ်။ အဲဒါကြောင့် စီမံကိန်းချေးငွေ ချေးယူတဲ့ အသင်းသားတွေကိုယ်စား မြစိမ်းရောင်စိမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးနေတဲ့ နိုင်ငံတော်နဲ့သက်ဆိုင်ရာ တာ၀န်ရှိသူအဆင့်ဆင့်ကို အထူးကျေးဇူးတင်ရှိပါတယ်"ဟု မုဒုံကျေးရွာ မြစိမ်းရောင်စီမံကိန်းမှ ချေးငွေချေးယူသည့် ဒေါ်ရွှေဝါ ကပြောသည်။

ယင်းချေးငွေများမှ အတိုးရငွေများဖြင့် ကျေးရွာအတွင်း လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ၏ ဦးစားပေးအလိုက် ဆောင်ရွက် ပေးလျက်ရှိပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စာရင်းဇယား အချက်အလက်များ တိကျမှန်ကန် လာစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)