ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များတွင် သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဆွမ်ပရာဘွမ် စက်တင်ဘာ ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့ နံနက်ပိုင်း ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ၌ မြို့မရပ်ကွက်တွင်းရှိ ရေစုကန်ပတ်ဝန်းကျင် ချုံနွယ်ပင်နှင့် အမှိုက်များအား ရှင်းလင်းခြင်း၊ ကဘရန်ခူးရပ်ကွက်တွင်းရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန သွားရာလမ်းဘေးဝဲ၊ ယာများ၌ ရှင်းလင်းခြင်း၊ ဝါစပ်ခူးရပ်ကွက် အထက ကျောင်းလမ်းဘေးဝဲ၊ ယာချုံနွယ်ပင်များအား ရှင်းလင်းခဲ့ရာတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများသည် ကျရာစုရပ်အလိုက်ပါဝင်ခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)