ပြင်စလူမြို့တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအား တတိယအကြိမ် ဆန်နှင့်ဆေးဝါးများလှူဒါန်း

ပြင်စလူ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆင်ရဲနွမ်းပါးသော အိမ်ထောင်စုများအား ဆန်နှင့်ဆေးဝါးများ တတိယအကြိမ် လှူဒါန်းပေးခြင်းကို ပြင်စလူမြို့ မင်္ဂလာသိဒ္ဓိကျောင်း၊ ကျောင်းထိုင်ဆရာတော်  အရှင်အာနန္ဒာ ဦးဆောင်၍  ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း  သွားလာမှုခက်ခဲခြင်း၊ ကုန်ခြောက် ပစ္စည်းများ ပြတ်လပ်ခြင်း၊ အရောင်းအဝယ်များ ခေတ္တရပ်နားထားခြင်း၊ ဆေးဝါးပစ္စည်းများ ပြတ်လပ်ခြင်းနှင့် အလုပ်ကိုင်များ ရှားပါးမှုကြောင့် အခက်အခဲများဖြစ်နေသော သက်ကြီးရွယ်အိုများ၊ ဒေသခံပြည်သူများ၏ မိသားစု၊ အိမ်ထောင်စုများ  နေထိုင်စားသောက်ရေး အဆင်ပြေစေရန် တစ်အိမ်လျှင် ဆန်(၄)ပြည်နှင့် ကျန်းမာရေး ဆေးဝါးပစ္စည်းများကို ဆရာတော်မှ ဦးဆောင်၍ မြို့ပေါ် ရပ်ကွက်များ အတွင်း လိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရာတွင် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖြစ်သည့် နယ်မြေရဲစခန်း၊ မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဒေသခံအလှူရှင်များ ပူးပေါင်း၍  ပြင်စလူမြို့ရှိ လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်-၁၉ ကာလအတွင်း တတိယအကြိမ် ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းထွန်း (ပြန်/ဆက်)