ဖလမ်း စက်တင်ဘာ ၁၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေး မထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျား(၂၃၀)ဦး၊ မ(၂၃၅)ဦးတို့ကို ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဖလမ်းမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျား(၆၅၉)ဦး၊ မ(၆၉၁)ဦး၊ စုစုပေါင်း(၁၃၅၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့သည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးမှုအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်တို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုရှိန်း(ဇလပ်မြေ)