ပန်နန်းဒင် စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စုပေါင်းကျန်းမာရေး စစ်ဆေးဂိတ်ကို မြို့အဝင်တွင် ဖွင့်လှစ်ထား ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး ပူးပေါင်းစစ်ဆေးဂိတ်ကို ပန်နန်းဒင်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆) နာရီအထိ ခရီးသွား ပြည်သူ(အဝင်/အထွက်)များကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်းခြင်း၊ ခရီးသွားလာရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွားလာခြင်း ရှိ/မရှိ စစ်ဆေးမေးမြန်း မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးဂိတ်ကို ၂၀၂၁-ခုနှစ် ဩဂုတ်လ(၄)ရက်နေ့မှ စတင်ဖွင့်လှစ်၍ ပန်နန်းဒင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ရေးအတွက် ရည်ရွယ်ကာနေ့စဉ် ပူးပေါင်း အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ(၂၄)ရက်နေ့အထိ ခရီးသွားပြည်သူ (အဝင်/အထွက်) စုစုပေါင်း(၁၀၀၀)ကျော်ခန့်ကို စစ်ဆေးဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းနှင့် ပန်နန်းဒင်မြို့ရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ထိ ပန်နန်းဒင်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ မရှိသေးပါကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းထံမှ သိရသည်။
ပန်နန်းဒင်(ပြန်/ဆက်)