လွိုင်လင်ခရိုင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးလုပ်ငန်းညိှနှိုင်းစည်းဝေးကျင်းပ

လွိုင်လင်       ဩဂုတ်      ၁၈

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  လွိုင်လင်ခရိုင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

 အစီအစဉ်အရ လွိုင်လင်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးရဲထွဋ် က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင် ရွေးကောက်ပွဲကော်မရှင် ဉက္ကဋ္ဌ ဦးသန်းတင် က လက်ရှိဆောင်ရွက်ထားရှိသည့် မဲဆန္ဒရှင် စာရင်း၊ မဲရုံစာရင်း ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ပြီးစီးမှု ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းထားရှိမှု တို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက သိလိုသည်များ မရှင်းလင်းသည်များကို မေးမြန်းကြရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင် က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 လွိုင်လင်ခရိုင်တွင် မြို့နယ်(၇)မြို့နယ် ၊ မြို့ (၅)မြို့ ၊ ရပ်ကွက် (၅၇) ရပ်ကွက် ၊ ကျေးရွာအုပ်စု (၁၄၅) အုပ်စု ၊ ကျေးရွာပေါင်း(၁၆၁၅)ရွာရှိကြောင်းနှင့် မဲရုံပေါင်း(၃၈၉)ရုံ ရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင် ( ၄၃၁၇၈၄)ဦး ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင် ထံမှသိရသည်။

မိုးလွင်ဦး(လွိုင်လင်)