တံတားဦး ဩဂုတ် ၁၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် မြိုင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီက ပဉ္စမအကြိမ်မြောက် စီမံကိန်းလည်ပတ်ရန်ပုံငွေကို ကျေးရွာအရောက်သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးကြောင်း သိရသည်။
အဆိုပါ စီမံကိန်းချေးငွေထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက ချေးငွေလာရောက်ထုတ်ယူကြသော ပြည်သူများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံးခြောက်ပေ အကွာစနစ်ဖြင့် ထုတ်ပေးခဲ့ကြသည်။
တံတားဦးမြို့နယ် မြိုင်သာကျေးရွာအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် ယနေ့ဆိုလျှင် ပဉ္စမအကြိမ်မြောက် စီမံကိန်းလည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြိုင်သာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၃)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၀၂) ဦး၊ စုစုပေါင်း (၁၆၅) ဦးကို စီမံကိန်းလည်ပတ် ရန်ပုံငွေကျပ် (၃၉၉)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ပါကြောင်း သိရသည်။
ရဲတင့် (တံတားဦး)