မူဆယ်မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ဆက်လက်ထောက်ပံ့

မူဆယ်  ဩဂုတ်  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအား တစ်အိမ်ထောင်လျှင် နှစ်သောင်း ကျပ်နှုန်းဖြင့် တတိယအကြိမ် ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မူဆယ်မြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေး ခန်းမ၌ သက်ဆိုင်ရာ မြို့ဦးစီးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသီးသီးလွှဲပြောင်း ပေးအပ် သည်။

“ကိုဗစ်-၁၉ ရောဂါကာလမှာ တစ်ချို့အိမ်ထောင်စုတွေ တစ်ကယ်အခက်အခဲ ကြုံတွေ့နေကြရတယ်၊ အလုပ် လက်မဲ့တွေလည်း ပိုမိုတိုးပွားလာပါတယ်၊ ခုလို ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးအပ်ခြင်း အားဖြင့် မိသားစုစားဝတ်နေရေးမှာ တစ်ဖက်တစ်လမ်းနဲ့ အထောက်အကူ ဖြစ်စေပါတယ်”လို့  တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက် ၍ ပြည်သူ့လက်ဝယ် ပေးအပ်နိုင်ရန်အတွက် အမှာစကား ပြောကြားပြီး မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများကို သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)