မူဆယ် ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၂၀၂၀)ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးပိုင်ခွင့် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် မဲဆန္ဒရှင်စာရင်းများသေချာစိစစ်ဆောင်ရွက်ရာ၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအတူတစ်ကွဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီ အချိန်က မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းခရိုင်ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။
ရှေးဦးစွာ မူဆယ်ခရိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က ခရိုင်/မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစံနော်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်စိုး က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး အရိုင်အဆင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများစိစစ်ပြီး လုပ်ဆောင်ပေးရန်၊ မဲဆန္ဒရှင်လူဦးရေစာရင်းများ၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများ သိရှိနား လည်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချီပေးရန်၊ အခက်အခဲများကို ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ရန်နှင့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ မူဆယ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း လွှာစိစစ်ခြင်းအခမ်အနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီး များအသင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများနှင့် ပတ်သက်၍ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများရှင်းလင်းဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ ၏ အမည်စာရင်းတင်သွင်းလွှာများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်း လွှာများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများကို တာဝန်ရှိသူ တို့က ရှင်းလင်းဖတ်ကြားခဲ့ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)