လောင်းလုံး သြဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစိုးသိမ်းက အဖွင့် အမှာစကား ပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်များ စည်းစည်းလုံးလုံးနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်၊ ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဦးမောင်မောင်က မဲစာရင်းနှင့်ပတ်သက်သော အကြောင်းအရာများအားလည်းကောင်း၊ မဲစာရင်းကြေညာကပ်ထားရာတွင် ကွက်လပ်ဖြစ်နေသည့်နေရာများ ပြန်လည်ဖြည့်ဆည့်နိုင်သည့်နည်းလမ်းအားလည်းကောင်း၊ ဆန္ဒမဲပေးနိုင်ရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီးသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်မရှိသူများ ပြုလုပ်ပေးနိုင်ရေးအားလည်းကောင်း ဆွေးနွေးပြောကြာခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)