ပြင်ဦးလွင်ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၈) ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် သွားနှင့်ခံတွင်း ကျန်းမာရေးဆေးခန်းအား ဩဂုတ်လဆန်းမှစ၍ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ သွားနှင့်ခံတွင်း ကျန်းမာရေးဆေးခန်းတွင် သွားဆရာဝန် (၄) ဦးရှိပြီး ရုံးချိန်အတွင်း မည်သူမဆို လာရောက်ပြသနိုင်ပြီး သွားနှင့်ခံတွင်းဆိုင်ရာ ဆွေးနွေးခြင်း၊ သွားကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း၊ သွားပေါက်ဖာခြင်း၊ သွားနှုတ်ခြင်းများအား တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်များတွင် မည်သူမဆို အခမဲ့လာရောက် ဆောင်ရွက်နိုင်ပြီး သွားစိုက်ခြင်းများအား စရိတ်မျှပေးအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်များတွင် မူလတန်း ဆင့်ကျောင်းသားများ KG မှစ၍ Grade 4 အထိအား ကျောင်းကျန်းမာရေး ကွင်းဆင်း သည့်အခါ သွားနှင့်ခံတွင်းဆိုင်ရာများအား စစ်ဆေးမှုများဆောင်ရွက်ပေးပြီးနောက် လိုအပ်သည့်ကုသမှု ခံယူရန် ရှိသူများကို သွားကျန်းမာရေးဆေးခန်းတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ခရိုင်ဦးစီးအရာရှိ (သွားကျန်းမာရေး) ဒေါက်တာ အာကာဟိန်းမှပြောသည်။ ယခုအခါ ကျန်းမာရေးဝန်ထမ်းမိသားစုများ၊ ပညာရေးဝန်ထမ်းမိသားစုဝင်များနှင့် ပုံမှန်လာရောက်ပြသသူများလည်း နေ့စဉ်လာရောက်ပြသလျက်ရှိကြောင်း သိရသည်။
မြတ်ဆုမွန်