ထန်းတပင်(ပဲခူး) သြဂုတ် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကဗျာ ရွတ်ဆိုခြင်းအစီအစဉ်ကို စာကြည့်တိုက်သို့ မလာနိုင်သည့် ကလေးများအတွက် လူမူကွန်ယက်မှ တစ်ဆင့် ကြည့်ရှု နားထောင် စေခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အင်္ဂလိပ်ကဗျာရွတ်ဆိုပြခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
“ကျွန်မတို့အနေဖြင့် ကိုဗစ် ၁၉ ကာလအတွင်းမှာ စာကြည့်တိုက်ကို မလာနိုင်တဲ့ ကလေးသူငယ်တွေ အိမ်မှာနေရင်း ကြည့်ရှု နားထောင်လို့ရအောင် ရည်ရွယ်ပြီးတော့ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို အပတ်စဉ်ပြုလုပ်ပြီး ထန်းတပင်မြို့နယ် ပြည်သူ့ စာကြည့်တိုက်လို့ အမည်ပေးထားတဲ့ လူမူကွန်ယက် မှတစ်ဆင့် လွှင့်တင်ပေးနေတာဖြစ်ပါတယ်” ဟု မြို့နယ်ရုံး ဦးစီးမှူး ဒေါ်သဇင်က ရှင်းပြသည်။
ထန်းတပင်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အနေဖြင့် ကလေးများအတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ဖတ်ပြခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း စသည့်အစီအစဉ်များကိုလည်း အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့စာကြည့်တိုက် Page များတွင် ဝင်ရောက်လေ့လာ သိရှိနိုင်ကြောင်း သိရသည်။
သန်းထွန်း(ပြန်/ဆက်)