ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရန် အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထား လာသော မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက စိစစ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာသော မဲဆန္ဒရှင်စာရင်း စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့် ဦးဆောင်ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ (အများယုံကြည် လေးစား ခံရသော ပုဂ္ဂိုလ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ) က ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုရှိ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများမှ တင်ပြလာသော မဲဆန္ဒရှင်စာရင်းတောင်းဆိုမှုပုံစံ(၃)၊ မဲဆန္ဒရှင်စာရင်း ကန့်ကွက်လွှာပုံစံ(၄)နှင့် မဲဆန္ဒရှင်စာရင်း ပြင်ဆင်လွှာ ပုံစံ(၄-ဂ)များကို မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စု(၅၉)အုပ်စုတို့တွင် ပုံစံ(၃)ဖြင့် လျှောက်ထား သူ(၄၀၂၀)ဦး၊ ပုံစံ(၄)ဖြင့် လျှောက်ထားသူ(၆၂၃)ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ (၂၃၂၂)ဦးထိရှိပြီး မဲဆန္ဒရှင်စာရင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သြဂုတ်လ(၁၈)ရက်နေ့မှ သြဂုတ်(၂၂)ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်က ရှင်းပြသည်။
ဇင်မင်းထိုက်(ထန်းတပင်)