ပြင်စလူမြို့ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြင်စလူ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ကိုဗစ်-၁၉ အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် လပွတ္တာမြို့နယ် မြို့နယ်ယာယီရဲတပ်ဖွဲ့မှူး မျိုးလွင်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းနှင့် ပတ်သတ်၍ ပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်၊ လူထူထပ်သောနေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)ကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး ညွှန်ကြားချက်များကို မိဘပြည်သူများက အလေးထား လိုက်နာကြရန်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သတ်သော အကြောင်းအရာများ၊ သက်ငယ်မုဒိမ်းနှင့် ပတ်သတ်သော ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ပြင်စလူမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေး ဦးစီးဌာနမှ ဦးကျော်မျိုးသူက ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။

အခမ်းအနားသို့ ပြင်စလူမြို့  မြို့နယ်မြေစခန်းမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မီးသတ်ဦးစီးမှူး၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းမှ မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြင်စလူ (ပြန်/ဆက်)