ငါးသိုင်းချောင်းမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း တည်ဆောက်လျက်ရှိ

ငါးသိုင်းချောင်း မတ် ၁၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ ကမ်းနားလမ်း ငဝန်ရေကာတာနှင့် ဈေးတာ(အရံတာ) နှစ်ခု အတွင်းရှိ စည်ပင်သာယာမြို့မဈေးကြီးအပါအဝင် အိမ်ခြေ(၂‌၀၀)ခန့်တွင် မြို့သန့်ရှင်း သာယာလှပ ရေးနှင့် မိုးရာသီ၌ ရေစီးရေလာကောင်းမွန်‌‌ရေးအတွက် ‌အကျယ်(၃)ပေ၊ အနက်(၄)ပေ၊ အရှည်(၂၀၃၆) ပေ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ(၂၀၁၉)ခုနှစ်တွင် အရှည်(၇၃၄) ပေ တည်ဆောက်ပြီးစီးခဲ့ပြီး ယနေ့အထိ (၂၈၂)ပေ စုစုပေါင်း (၁၀၁၆)ပေ တည်ဆောက်ပြီးစီးပြီဖြစ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ယခုနှစ်မိုးရာသီကာလမတိုင်မီ ရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။

အဆိုပါရေထုတ်မြောင်း တည်ဆောက်ပြီးစီးပါက ပင်မရေကာတာနှင့် (အရံရေကာတာ)နှစ်ခုအတွင်းရှိ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာမြို့မဈေးကြီး အပါအဝင် မြို့မရပ်ကွက်ရှိ ရပ်ကွက်နေအိမ်ခြေ (၂ဝဝ)ခန့်တွင် သန့်ရှင်းသာယာလှပ၍ ရေစီးရေလာကောင်းမွန်လာမည့်အပြင် မိုးရာသီတွင် မြို့တွင်း ပင်မရေထုတ်မြောင်းများနှင့် ဆက်သွယ်စီးဆင်းလျက် ရေစီးရေလာကောင်းမွန်၍ မြို့သန့်ရှင်းသာယာ လှပလာမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)