ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကျောက်ဆည်  မတ်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရွှေမုဌောဘုရားဓမ္မာရုံတွင် ယမန်နေ့ညနေ (၂) နာရီက မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ဈေးတန်းရပ်ကွက်နှင့် ကံဦးရပ်ကွက်များရှိ အမျိုသမီးထုနှင့် တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောဆွေးနွေး ပြုလုပ်ခဲ့ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က မြို့နယ်အမျိုးသမီး ကော်မတီမှ လုပ်ဆောင်လျက်ရှိသော လူထုအကျိုးပြုလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာရဲဝင်းနိုင်နှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာဆုနန္ဒာတို့က ကိုရိုနာဗိုင်းရပ်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ကြိုတင်ကာကွယ်နိုင်သည့် အကြောင်းအရာများနှင့် သံသယလူနာများ တွေ့ရှိပါက နီးစပ်ရာဆေးရုံဆေးခန်းများသို့ အမြန်ဆုံး အကြောင်းကြားပေးနိုင်စေရေး အကြောင်းများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကြောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 သက်မောင် (ကျောက်ဆည်)