ထန်းတပင် မတ် ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ နွေရာသီသောက်သုံးရေပြတ်လပ်မှုများ မဖြစ်ပေါ်စေရေးနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေရေးတို့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ရေတွင်းကုန်း ကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာအုပ်စု ရေပေါ်သောင်ကျေးရွာနှင့် ဘိုးနတ်ပေးကျေးရွာအုပ်စု ဘိုးနတ်ပေးကျေးရွာတွေမှာ ရေသန့်စင်စနစ်ကို (၂၀၂၀) ပြည့်နှစ်၊ မတ်လ ပထမ အပတ်ကနေ ပြီးတော့ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာပါ လာမည့်နှစ်တွေမှာလည်း နောက်ထပ် ကျေးရွာ(၁၀)ရွာကို ထပ်မံအကောင်အထည်ဖော် ပေးဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင် က ရှင်းပြသည်။
ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရေတွင်းကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာနှင့် ဘိုးနတ်ပေးကျေးရွာတို့တွင် တင်ဒါအောင် Hyper Myanmar Relief International ကုမ္ပဏီမှ ကျေးရွာတစ်ရွာလျှင် ရေသန့်စင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၉.၉၁၆) ဖြင့် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကာ လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးနိုင်စေရေးအတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်း၌ နွေရာသီရေရှားပါး ပြတ်လပ်မှု အခက်အခဲများ ဖြစ်ပေါ်လာပါက ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဖုန်း ၀၁-၆၁၉၀၀၅ နှင့် မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ဖုန်း-၀၉၅၂၈ဝ၄၉၇ နှင့် အငယ်တန်းအင်ဂျင်နီယာ(၃) ဦးရဲလင်းထိုက် ဖုန်း-၀၉၄၂၀၁၃၃၂၅၈ သို့ ဆက်သွယ်၍လည်း အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)