မြိုင်မြို့တွင် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မြိုင်  မတ်  ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြိုင်မြို့အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးလဲ့မွန်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ သင်ယူတတ်မြောက်ခဲ့သော ပညာရပ်များဖြင့် မိမိရပ်ရွာသို့ ပြန်လည်ရောက်ရှိကြသည့်အခါ လက်တွေ့အသုံးချ၍ မိမိတို့၏ လူမှုစီးပွားများကို ကြိုးစားလုပ်ဆောင်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ထူးချွန်စွာ သင်ယူတတ်မြောက်ခဲ့သော သင်တန်းသူတစ်ဦးအား မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးလဲ့မွန်ဦးက ဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး  အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသွင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် သင်တန်းသူများ၏ ချုပ်လုပ်ခင်းကျင်း ပြသထားသည့် လက်ရာများကို  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး