ကျောက်ပန်းတောင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ (၁၅) မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး (အဆင့်-၁) ဦးလှဟံက ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ရောဂါကူးဆက်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် လုပ်ဆောင်သင့် သည့် အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည့် သတင်းအချက်အလက် များကိုသာယုံကြည်ကြရန်တို့ကို ရှင်းလင်းပြောကြားပြီး၊ ရောဂါ ဖြစ်ပွားမှုနိုင်ငံများနှင့် ကူးဆက်မှု၊ ဖြစ်ပွားမှု၊ သေဆုံးခဲ့မှုအခြေအနေများကို ရှင်းလင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းအုပ်ကြီး ဒေါက်တာသီတာဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာရီရီမွန်နှင့် ဌာနမှူးများ၊ လက်ထောက်ဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)