ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

ကော့သောင်း  မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးနေဦး တက်ရောက် သင်တန်းဆင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက ထူးချွန်ဆုရသင်တန်းသူ မကြည်ပြာအေး(ခမောက်ကြီးမြို့) အား ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပြီး ကော့သောင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း က သင်တန်းထူးချွန်ဆုရကျောင်းသူအားဆုငွေ ငါးသောင်းကျပ် ထပ်ဆင့်ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် သင်တန်းကျောင်းအုပ် ဒေါ်လေးလေးစံက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ လက်ရာ အဝတ်အထည်နှင့် လက်မှုအနုပညာပစ္စည်းများ အားလိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နယ်စပ်ဒေသများ ရှိငယ်ရွယ်သူအမျိုးသမီးငယ်များအား အိမ်တွင်းအသက်မွေးမှု အတတ်ပညာများ တတ်မြောက်ကာ ဘဝရပ်တည်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကာ ယနေ့ပြုလုပ်သည့် သင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းသူ(၅၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလရက်သတ္တ(၁၈)ပတ်ကြာပို့ချသင်ကြား ပေးခဲ့ကြောင်းသိရသည်။

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၃၇)ကျောင်းတွင် သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ကြရာ သင်တန်းဆင်းအင်အား(၁၉၁၀)ဦးရှိကြောင်းနှင့် သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ သင်တန်းဆင်းဦးရေ(၈၉၈၉၆)ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ (၄၀၄၉၆)ဦး ရှိသဖြင့် ၄၅% အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)