ပွင့်ဖြူ မတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကျောင်းကြီးကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနဓဇ အစိုးရဓမ္မာစရိယ) အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ် ရရှိခဲ့မှုအပေါ် ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းတော်ရာကျေးရွာရှိ ကျောင်းကြီးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာအလှူရှင်များနှင့် ကျေးရွာနေ ပြည်သူများက နမ္မောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ဘဒ္ဒန္တ ဓမ္မာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးသန်းစိုး က သာသနာတော်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျောင်းတော်ကျေးရွာ မာမကအသင်းဝင် ဦးတင်စိန်က သာသနာ ပြန့်ပွားရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် အသင်း၏ သာသနာရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုး က သာသနာရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများကို လည်းကောင်း ဆရာတော် အရှင်သူမြတ်များထံ အသီးသီး လျှောက်ထားတော်မူခဲ့ပြီး ဆရာတော်ကြီး ဘဒ္ဒန္တ ဓမ္မာစာရ အမှူးပြုသော ပင့်သံဃာအရှင်သူမြတ်များက မေတ္တသုတ်နှင့် အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ပေးခဲ့သော အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ကျောင်းတော်ရာကျေးရွာ ကျောင်းကြီး ကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဓမ္မာစာရထံ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ဆက်ကပ် လှူဒါန်းပေးသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ဘဒ္ဒန္တ ဓမ္မာစာရနှင့် ပင့်သံဃာ အရှင်သူမြတ်များကို စေတနာ အလှူရှင်များက ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)