(၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ပိတ်ပွဲကျင်းပ

ဝါးခယ်မ  မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီး ပိတ်ပွဲအခမ်းအနားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ပိတ်ပွဲသို့ ကြွရောက်တော်မူလာကြကုန်သော သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်း / ခရိုင် / မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး သြဝါဒစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြ သည်။

ထို့နောက် သြဝါဒစရိယ ဆရာတော်ကြီးများ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများက သစ်ကနက်စစ်နတ်သစ် ရုပ်ပွားတော် အရှင်သူမြတ်၊ ဇမ္ဗုပတိ ရုပ်ပွားတော် အရှင်သူမြတ်နှင့် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်တို့အား ယာယီ အပူဇော်ခံသည့် ရွှေကျောင်းတော်မှ ဂန္ဓကုဋိတိုက်တော်သို့ လက်ယာရစ် ခုနစ်ပတ် ပတ်ကာ ပင့်ဆောင် ပူဇော်ခဲ့ကြသည်။

အဆိုပါ  ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၏ ကျက်သရေဆောင် အတုလ ဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်ကျော် ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး အနယ်အနယ် အရပ်ရပ်မှ ဘုရားဖူးများက ကား၊ ဆိုင်ကယ်၊ စက်လှေများဖြင့် လာရောက်ဖူးမျှော် ကြည်ညိုကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)