ပွင့်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား မြို့မိမြို့ဖ စေတနာရှင်ပြည်သူများက အာဟာရဒါနမုန့်များ ကျွေးမွေးလှူဒါန်း

ပွင့်ဖြူ မတ် ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၂ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာမေးခွန်းအား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက စုပေါင်း၍ အာဟာရဒါနအဖြစ် မုန့်များ လာရောက်ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်မြို့နယ်လုံးဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူဦးရေ စုစုပေါင်း ၃၇၂၈ ဦးရှိပြီး ယနေ့အင်္ဂလိပ်စာမေးခွန်းဆက်လက်ဖြေဆိုကျင်းပရာတွင် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅၉၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး လာရောက် ဖြေဆိုခြင်းမရှိသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၇ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၆ ဒသမ ၃၃ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။ ယနေ့ ကျင်းပသည့် အင်္ဂလိပ်စာမေးခွန်းအား လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက ပွင့်ဖြူ(အ.ထ.က) စာစစ်ဌာနသို့ လာရောက်ပြီး အာဟာရဒါနအဖြစ် မုန့်များလှူဒါန်းပေးရာ လုံခြုံရေးတာဝန်ယူဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများထံ အလှူရှင်များ ကျွေးမွေး လှူဒါန်းသည့် မုန့်များအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )