ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား အသိပညာပေးဟောပြော

ကော့သောင်း မတ် ၁၂ 
ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား ကော့သောင်းမြို့၊ ကမ်းနီးကုမ္ပဏီဇုံ စစ်ဆေးရေးစခန်းတွင် ယနေ့ နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာန၊ ကော့သောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ကော့သောင်း FOB စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
အသိပညာပေးမှုအစီအစဉ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းခွင်သို့ မထွက်ခွာမှီအတွင်း သတ်မှတ် ပြဋ္ဌာန်းထားသည့် လုပ်ငန်းလိုင်စင်နှင့် အထောက်အထားများ ပြည့်စုံစွာ စည်းကမ်းတကျ ဆောင်ရွက်ကြရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ပင်လယ်ရေလုပ်သားများအား မသမာသူများ၏ လူမှောင်ခိုမှု၊ လူကုန်ကူးမှု ဖြစ်စဉ်များ ကမ္ဘာပေါ်တွင်ဖြစ်ပွားလေ့ရှိသဖြင့် သတိပြုဆင်ခြင်ရမည့် သိသင့်သိထိုက်သည်များ၊ ပင်လယ်ပြင်အတွင်းလှေများဖြင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချလျှက်ရှိသည့်ဖြစ်စဉ်များနှင့် ရေလုပ်သားများ မူးယစ်ဆေးဝါးအန္တရာယ်မှ သတိပြုရှောင်ရှားနိုင်ရန် သိသင့် သည်များ၊  ပင်လယ်ရေလုပ်သားများ Fishing log Book ရေးသွင်းရေးကိစ္စရပ်များ၊ မိမိတို့၏လုပ်ငန်းခွင်အတွင်း လိုက်နာရမည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အသက်အာမခံဆိုင်ရာကိစ္စရပ်များ၊ ပင်လယ်ပြင်အတွင်း အမှိုက်စွန့်ပစ်မှုဆိုင်ရာ သိကောင်းစရာများအား ယနေ့ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်ခွာမည့် ကမ်းဝေးငါးဖမ်းရေယာဉ်များ၏ ပဲ့နင်းများ၊ ရေလုပ်သားများ၊ ကမ်းနီး/ကမ်းဝေးငါးလုပ်ငန်းကုမ္ပဏီမှ တာဝန်ရှိသူများအား သက်ဆိုင်ရာဌာနများအလိုက် နားလည်သဘောပေါက်စေရန် Power Point ဖြင့် အသေးစိတ် ပညာပေးဆွေနွေးဟောပြော၍ တစ်ဦးချင်းစီသို့ ဌာနအလိုက်ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
 
ကျော်စိုး(ကော့သောင်း)