မိတ္ထီလာ မတ် ၁၂
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၁၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ လယ်ယာလုပ်ငန်းဖြစ် စီးပွားရေးလုပ်ငန်းများ ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများတွင် စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့်အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့် သီးနှံကို ရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့်အတွက် ယခုလို ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင် တစ်ဆက်တစပ်တည်း ချည်မျှင်ရှည်ဝါ ဧက(၁၀၀) စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။ ၎င်း ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင်လည်း ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရရှိစေရန်နှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်၊ လယ်ကွက်များ၏ ပုံသဏ္ဍာန်၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ စိုက်ပျိုးထုတ်လုပ်ရန် စသည့် စိုက်ပျိုးရေးနည်းပညာ သိရှိစေရန် အသိပညာပေးဆွေးနွေးခြင်းများ၊ သင်တန်းများဖွင့်လှစ်ပို့ချခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် တစ်ဆက်တစပ်တည်း ချည်မျှင်ရှည်ဝါ ဧက(၁၀၀) စိုက်ပျိုးရာတွင်လည်း တစ်ဧက ပိဿာ တစ်ထောင်ထွက်ရှိရေး စိုက်ပျိုးရေးဝန်ထမ်းများမှ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီ၍ ဒေသခံ တောင်သူများနှင့်အတူ ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်တွင်မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုံဧက(၁၀၀)စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာကန်ရေဖြင့် ကွင်းအမှတ် ၆၀၆ ၊ ၆၀၇ တို့တွင် မကျီးစုကျေးရွာနှင့် ကန်နီကျေးရွာတို့မှ တောင်သူ (၃၀)ဦးတို့မှ တစပ်တစ်ဆက်တည်း မိုးကြိုချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀) အထူးဇုံ ဧက(၅၀)ကို စိုက်ပျိုးလျက်ရှိသည်။ ၎င်းအပြင် ညောင်ကုန်းဆည်ရေဖြင့် ကွင်းအမှတ် ၁၀၂၇ ၊ ၁၀၂၈တို့တွင် အောင်ကန်၊ တည်ပင်ကုန်း၊ ဥသျှစ်ကုန်းကျေးရွာများမှ တောင်သူ (၂၈)ဦးတို့မှ တစပ်တစ်ဆက်တည်း (ရွှေတောင်-၈) အထူးဇုံ ဧက(၅၀)ကို စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာခရိုင်ပြန်ဆက်)