နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နွားထိုးကြီး၊ မတ် ၁၂

မန္တလေးတိုင်း ဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ၊ မိနစ် ၃၀ က အမှတ်(၅) ရပ်ကွက်၊ အင်ကြင်း ကမ္ဘာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် ဒေါ်ငြိမ်းသက်နွယ်မှ အဖွင့်အမှာစကား‌ပြောကြားပြီး၊ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း က အမျိုးသမီးကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကျန်းမာပညာဦးစီးဌာန ဒေါက်တာမိုမိုအေးဆွေမှ အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာ‌ပေးဆွေးနွေးခဲ့သည်။ နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်မှ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင် ဒေါ်မူမူစန်း၊ ဒေါခင်မြကြိုင်၊ ဒေါ်ထူးထူးမွန်တို့မှ စီမံကိန်းတွင်ပါဝင်ခြင်းဖြင့် စွမ်းဆောင်ရည်မြင့်တက်လာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဝင်ငွေတိုးတက်လာခြင်း အတွေ့အကြုံများကိုပြန်လည်၍ မျှဝေပေးခဲ့ သည်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းက ကျေးလက်ဒေသများတွင် နွေရာသီရေပြတ်လပ်မှုမရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကိုရှင်းလင်း ဆွေးနွေးခဲ့သည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် ဒေါ်ငြိမ်းသက်နွယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကျေးရွာလူထုဗဟိုပြုစီမံကိန်းအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်